About Us

ဌာနမှူး၏အမှာစကား

တဆက်တည်းမှာပင် တိရိစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ကုန်ထုတ်လုပ်မှု အချို့သည် ရာသီဥတု ဖောက်ပြန်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ဂေဟစနစ်ပြောင်းလဲခြင်း အစရှိသည့် ပတ်ဝန်းကျင် ဆိုင်ရာ ယိုယွင်းပျက်စီးမှုများနှင့် ဆက်နွှယ်လျက်ရှိပြီး၊ ၎င်းမှတစ်ဆင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုများကို အစပြု ဖြစ်ပေါ်လာစေပါသည်။ နောက်ဆက်တွဲအားဖြင့် လူသားတို့၏ ကျန်းမာရေးနှင့် ပတ်သက်သော စိန်ခေါ်မှုအသစ်များစွာကို တွေ့ကြုံလာကြရပေရာ လူ၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင် တို့အကြား ကျန်းမာရေးကို “တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသောကျန်းမာရေး” အဖြစ် ပိုမိုနက်ရှိုင်းစွာ ရှုမြင်လာကြရပေသည်။ ခြုံငုံ၍ဆိုရသော် ယနေ့ကမ္ဘာကြီး၏ ရောဂါကင်းရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုတို့တွင် တိရစ္ဆာန်တို့၏ကျန်းမာရေးနှင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုများကို ပိုမိုနားလည်သဘောပေါက်ရန်လိုအပ်ပြီး စနစ်တကျကိုယ်တွယ် ဖြေရှင်းနိုင်ရန်အတွက် ၎င်းတို့၏ ကွင်းဆက်နှင့် အကျိုးသက်ရောက်မှုများကို ထဲထဲဝင်ဝင် စူးစမ်းလေ့လာကြရမည် ဖြစ်ပေသည်။

ယနေ့ခေတ်တွင် တိုးတက်များပြားလာသော ကမ္ဘာ့လူဦးရေနှင့်အတူ အစားအစာ လိုအပ်ချက်သည်လည်း မြင့်မားလျက်ရှိပေရာ ကမ္ဘာအဝှမ်း အသား၊ ငါးနှင့် တိရစ္ဆာန် ထွက်ကုန် များကို ပိုမိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းလာကြရပေသည်။ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးသော အချက်တစ်ချက်မှာ အစားအစာဘေးကင်းလုံခြုံမှုဖြစ်ပြီး ၎င်းသည် အသား၊ ငါးတို့၏ အရင်းအမြစ် ဖြစ်သော တိရစ္ဆာန်တို့၏ကျန်းမာရေးနှင့် များစွာဆက်စပ်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ တိရစ္ဆာန် ရောဂါဖြစ်ပွားမှုများသည် အသား၊ ငါး ထုတ်လုပ်မှုအတွက်သာမက လူသားတို့၏ ကျန်းမာရေး အတွက်ပါ အရေးကြီးသည်ကို တွေ့မြင်ကြရပေမည်။ ရောဂါဖြစ်ပွားပျံ့နှံ့မှု သဘောတရား အရလည်း လူတို့တွင်ဖြစ်ပွားသောရောဂါများ၏ သုံးပုံနှစ်ပုံခန့်မှာ တိရစ္ဆာန်တို့ကိုအခြေပြု၍ ဖြစ်ပေါ် လာသည်ဖြစ်သောကြောင့် တိရစ္ဆာန်တို့၏ကျန်းမာရေးကို နားလည်ဂရုပြုခြင်းသည် လူသားတို့၏ ကျန်းမာရေးကို သွယ်ဝိုက်စောင့်ရှောက်ခြင်းဟု ဆိုနိုင်ပေသည်။

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အနေဖြင့်လည်း ဤလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဘက်စုံထောင့်စုံမှ ပါဝင်ဆောင်ရွက်လျက်ရှိပေရာ တိရစ္ဆာန်ဆေးကုဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပညာဌာနအနေဖြင့် တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သောရောဂါများ၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်နိုင်သောရောဂါများ၊ ပဋိဇီဝဆေးယဥ်ပါးမှု၊ ဆေးကြွင်းဆေးကျန်များ၏အန္တရယ်နှင့် အစား အစာဘေးကင်းလုံခြုံမှုအစရှိသည့် ပြည့်သူ့ကျန်းမာရေးပညာနှင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပါသည်။ ဤဌာနမှပြုလုပ်ခဲ့သော သုတေသန တွေ့ရှိချက်များ၊ မွေးထုတ်ပေးခဲ့သောပညာရှင်များသည် ပဋိဇီဝဆေးယဥ်ပါးမှုနှင့် ဆေးကြွင်း ဆေးကျန်များ၊ တိရစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်တတ်သောရောဂါများ၊ ရောဂါဖြစ်ပွားပျံ့နှံ့မှု ကွင်းဆက်များနှင့် အစားအစာမှတစ်ဆင့်လူသို့အန္တရာယ်ဖြစ်စေနိုင်မှုများကို ရှာဖွေဖော်ထုတ် လျော့ချရာတွင် အုတ်တစ်ချပ်သဲတပွင့် ပါဝင်အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ယူဆမိပါသည်။

နောက်ခံသမိုင်းကြောင်း

တိရစ္ဆာန်ဆေးကုဆိုင်ရာပြည်သူ့ကျန်းမာရေးပညာဌာန (Department of Public Health and Epidemiology) ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ပါသည်။ (ဌာနတွင် သင်ကြားလျက်ရှိသော ပြည်သူ့ကျန်းမာရေးပညာ (Public health) နှင့် တိရစ္ဆာန်ရောဂါ ကူးစက် ပျံ့နှံ့မှုလေ့လာရေးပညာ (Epidemiolgy) ဘာသာရပ်နှစ်ခုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ ၅ရက်နေ့ မတိုင်မီ (ယခုလက်ရှိဌာနမဖွဲ့စည်းမီ) က ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒ ဌာနမှ သင်ကြားခဲ့ပါသည်။

About Image

Faculty Members

Dr. Thant Nyi Lin

Dr. Thant Nyi Lin

Professor, Head of Department
Dr. Wink Phyo Thu

Dr. Wink Phyo Thu

Associate Professor
Dr.Phyu Sin Myat Noe

Dr.Phyu Sin Myat Noe

Assistant Lecturer
65 Years
4 Lecturers
100 Enrollment
99 Graduates

Our latest news